ကိုယ့်ဘဝရဲ့ နေရာတိုင်းမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ
အကယ်၍ မိမိဟာ ကိုယ့်ကိုကိုယ် ဂရုမစိုက်တဲ့သူဆိုပါက ကမ္ဘာပေါ်မှာရှိတဲ့ စိတ်ဖိစီးမှု လျော့ကျစေတဲ့ ဘယ်နည်းလမ်းမဆို ကူညီနိုင်မှာ မဟုတ်ပါဘူး။ အခု ဆောင်းပါးလေးမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ့် Self-care အမျိုးအစားတွေနဲ့ ဘာကြောင့် မိမိကိုယ်ကို ဂရုစို်က်ခြင်းဟာ အရေးပါသလဲ ဆိုတာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Self-care ဆိုတာ ကျန်းမာတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်ဖို့၊ ကျေနပ်နှစ်သိမ့်နိုင်တဲ့ စိတ်ခံစားချက်တွေကို မြှင့်တင်ပေးနိုင်ဖို့ ရှုထောင့်မျိုးစုံကနေ ကိုယ့်အတွက် ရည်ရွယ်ချက်ရှိရှိ ပံ့ပိုးရမည့် ဂရုစိုက်ခြင်းလို့ ဆိုရပါမယ်။ ဘဝရဲ့ လောကဓံကိုကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ Self-care ဟာ မရှိမဖြစ်တဲ့အရာလို့ကို ဆိုရပါမယ်။
Self-care ဟာ အပန်းဖြေဖို့ သပ်သပ် နည်းလမ်းတွေ ရှာဖွေတာမျိုး မဟုတ်ဘဲ မိမိကိုယ်ကို စိတ်ပိုင်း၊ ရုပ်ပိုင်း၊ စိတ်ခံစားချက်ပိုင်း၊ စိတ်ဝိညာဉ်ပိုင်း အားလုံးကို ဆန်းစစ်ကာ လိုက်လျောညီထွေဖြစ်အောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဘဝရဲ့ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ရာ သီးသန့်တစ်မျိုးကို (ဥပမာ စိတ်ခံစားချက်တွေကို လွှတ်ချလိုက်တာမျိုး) ကို အထူးဂရုစိုက်လိုက်မှ အဖက်ဖက်မှာ မျှချေအနေအထားရောက်သွားကာ နေရတာအဆင်ပြေသွားတာမျိုးတွေရှိပါတယ်။
Self-care အမျိုးအစားများ
၁။ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု
လူရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဟာ ကြီးမားတဲ့ ဆက်သွယ်ချက်ရှိတယ်ဆိုတာကို သိရှိထားရပါမယ်။ ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်းဟာ ကောင်းမွန်တဲ့ စိတ်အခြေအနေကို ပေးစွမ်းနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုတွေမှာ ကိုယ့်ကိုကိုယ် ဘယ်လို အားဖြည့်ရမယ်၊ ဘယ်လောက်အိပ်စက် အနားပေးမယ်၊ ဘယ်လောက် ကိုယ်ကာယ လှုပ်ရှားလေ့ကျင့်ပေးမယ်၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်တင်းမယ်၊ ကျန်းမာရေးအတွက် ဘယ်လို စနစ်တကျ စီမံမယ် စတဲ့အချက်တွေ ပါဝင်ပါတယ်။ ကိုယ့်ကိုကိုယ် ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်တာလုံလောက်မှု ရှိ/မရှိ ဒီမေးခွန်းလေးတွေ ကိုယ့်ကိုကိုယ် မေးကြည့်ပါ။
"ငါ အိပ်ရေးဝပြီလား"
" ငါ စားတဲ့အစားအစာတွေဟာ ခန္ဓာကိုယ်အတွက် လုံလောက်ကောင်းမွန်ရဲ့လား"
" ငါ ကျန်းမာရေးကို ဂရုစိုက်နေရဲ့လား"
" ငါ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိပြီလား"
၂။ လူမှုရေးနဲ့ပတ်သက်တဲ့ ဂရုစိုက်မှု
ပတ်ဝန်းကျင်နဲ့ ဝင်ဆံခြင်းဟာလည်း အဓိကကျတဲ့ Self-care ပါ။ အလုပ်အရမ်းများတဲ့အခါ သူငယ်ချင်း၊ အပေါင်းအသင်း၊ သက်ဆိုင်သူတွေအတွက် အချိန်မပေးနိုင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ အလုပ်အပြင် နီးကပ်တဲ့ ဆက်ဆံရေး ဟာလည်း ကိုယ့်အတွက် အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ ဆက်ဆံရေးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အချိန်နဲ့ အင်အားစိုက်ဖို့မမေ့ပါနဲ့။ လူတိုင်းမှာ မတူကွဲပြားတဲ့ လူမှုဆက်ဆံရေး လိုအပ်ချက်ဆိုတာ ရှိပါတယ်။ ကြပ်ညပ်နေတဲ့ အလုပ်အချိန်ဇယားကြား သူငယ်ချင်းအတွက် တိကျတဲ့ အချိန်တစ်ခု အမြဲဆိုသလို သတ်မှတ်မြှုပ်နှံဖို့ မဆိုလိုပါ။ သို့သော် သင့်တင့်မျှတတဲ့ ဘဝအတွက် လူမှုရေးလိုအပ်ချက်အရ အချိန်ခဏလေး ပေးနိုင်ဖို့လည်း အားထုတ်စေချင်ပါတယ်။ " သူငယ်ချင်းတွေနဲ့ မျက်နှာချင်းဆိုင် မတွေ့တာ ကြာနေပြီလား" " သူငယ်ချင်းနဲ့ မိသားစုတွေ အပေါ် ဘယ်လိုပြုမူဆက်ဆံနေမိပြီလဲ" ဆန်းစစ်ကြည့်ပါ။
၃။ စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု
ကိုယ့်ရဲ့စဉ်းစားပုံ၊ ကိုယ့်ရဲ့ အတွေးတွေမှာ ဖြည့်ထားတဲ့အရာတွေဟာ ကိုယ့်ရဲ့ စိတ်အခြေအနေကို ထင်ဟပ်ပါတယ်။ မိမိရဲ့စိတ်ကို ကောင်းစွာပျိုးထောင်ဖို့ရာ ထက်မြက်တဲ့အတွေးတွေ ပေးစွမ်းနိုင်တဲ့ အရာတွေ(ဥပမာ ပဟေဠိ)၊ စိတ်ဝင်စားရာ ဘာသာရပ်လေ့လာမှုတွေ ပြုလုပ်သင့်ပါတယ်။ စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတဲ့ ဝါသနာတွေဟာလည်း စိတ်စွမ်းအားကို မြင့်တက်စေပါတယ်။ စိတ်ကျန်းမာချမ်းမြေ့စေဖို့ မိမိကိုယ်ကို သက်ညှာကြင်နာပြီး လက်ခံနိုင်ဖို့လည်း လေ့ကျင့်ပေးသင့်ပါတယ်။ "ငါ့ရဲ့စိတ်ကို နိုးကြားတက်ကြွစေဖို့ အချိန် လုံလုံလောက်လောက် ပေးရဲ့လား" "ငါ့ရဲ့စိတ်ကို ကျန်းမာအေးချမ်းနေစေဖို့ ကြိုးစားဖန်တီးနေရဲ့လား" ကိုယ့်ကိုကိုယ် စဉ်းစားကြည့်ပါ။ မေးကြည့်ပါ။
၄။ စိတ်ဝိညာဉ်ပိုင်း ဂရုစိုက်မှု
စိတ်ဝိညာဉ်ကို ထောက်ပံ့ဖို့အတွက် ကိုးကွယ်တဲ့ ဘာသာ ရှိရမယ်လို့ မဟုတ်ပါဘူး။ ဒီဂရုစိုက်မှုမှာ လေးနက်တဲ့ အဓိပ္ပာယ်၊ နားလည်ယုံကြည်မှုတွေကို ရှင်သန်စေတဲ့အရာအားလုံး ပါဝင်ပါတယ်။ တရားထိုင်တာ ဖြစ်ဖြစ်၊ ဘာသာရေးပွဲတွေ တက်တာ၊ ဘုရားဝတ်ပြုတာ စတဲ့ စိတ်ဝိညာဉ်ပိုင်း တိုးတက်အောင် ဂရုစိုက်မှုအားလုံးဟာ ပိုမိုကျန်းမာစေတဲ့ ဘဝနေထိုင်မှုပုံစံအတွက် အရေးကြီးပါတယ်။
၅။ စိတ်ခံစားချက်ဆိုင်ရာ ဂရုစိုက်မှု
မကျေနပ် မနှစ်မြို့စရာ စိတ်ခံစားချက်တွေ(ဒေါသထွက်တာ၊ စိုးရိမ်ကြောင့်ကြတာ၊ ဝမ်းနည်းတာ) ကို ပါးနပ်မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ အံတုနိုင်ဖို့ဆိုတာ အလွန်တရာ အရေးကြီးပါတယ်။ ခံစားချက်တွေကို သိရှိနားလည်ရမယ်။ မိမိကိုယ်ကိုရော၊ သူတစ်ပါးကိုပါ မထိခိုက်စေရဘဲ မှန်ကန်စွာ ၊ ဘေးကင်းစွာ ထုတ်ဖော်ပြသရမယ်။ " ငါဟာ စိတ်ထွက်ပေါက်ရှာတဲ့အခါ ကျန်းမာတဲ့နည်းလမ်းနဲ့ ကိုင်တွယ်နေရဲ့လား" " ငါဟာ အားပြန်ပြည့်လာသလို ခံစားရတဲ့ လုပ်ဆောင်မှုနည်းလမ်းတွေ စမ်းသပ်ကြည့်ရဲ့လား" အဖြေရှာကြည့်ပါ။
Self-care က ဘာကြောင့် အရေးကြီးတာလဲ
ထိရောက်တဲ့ ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်တဲ့ အလေ့အထဟာ
- စိုးရိမ်ကြောင့်ကြမှုနဲ့ စိတ်ဓာတ်ကျမှုကို လျော့နည်းစေတယ်
- စိတ်ဖိစီးမှုကို လျော့နည်းစေကာ စိတ်ဓာတ်ကြံ့ခိုင်မှုကို တိုးစေတယ်
- ပျော်ရွှင်မှုကို ပေးစွမ်းတယ်
- အားအင်တိုးစေတယ်
- မောပန်းနွမ်းလျခြင်းကို နည်းစေတယ်
- လူအချင်းချင်းကြား ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေပါတယ်
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) အရ မိမိကိုယ့်ကို ဂရုစိုက်ခြင်းကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ရောဂါတွေကို ကာကွယ်တားဆီးနိုင်တဲ့အပြင် နာမကျန်းမှုကို ရင်ဆိုင်ရာမှာလည်း ကူညီရာရောက်တယ်လို့ ဆိုပါတယ်။
သင့်နေ့စဉ်ဘဝရဲ့ လိုအပ်ချက်အရ ဘယ် Self-care အမျိုအစားကို လိုအပ်နေသလဲဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကောလိပ်ကျောင်းသားဟာ ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုကို လိုနေချိန် ပင်စင်စားလူကြီးဟာ လူမှုရေးနဲ့ပတ်သက်တဲ့ Self-care ကို လိုနေမှာပါ။ ရည်မှန်းချက်ပန်းတိုင်ကတော့ စိတ်ဖိစီးမှုနဲ့ ဘဝရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ကျော်လွှားနိုင်ဖို့ လိုအပ်ချက်တွေအတွက် တစ်နေ့ကို နည်းနည်းချင်းစီ မိမိကိုယ်ကို ဂရုစိုက်ခြင်းနဲ့ ကြိုးစားပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။
ရေးသားသူ - Dr. May Myat Tun